Monday, July 27, 2009

ပျံသန်းခြင်း

ပျော်စရာ ရှိသောအခါမှာ
ပျော်ပျော်ကြီးသာပျော်လိုက်ပါ...
ဤလောကက ပေးတဲ့အရာ..။

ငိုစရာ ရှိသောအခါလည်း
ရင်မှဖွင့်ထုတ်ငို လိုက်ပါ...
ဒီဘဝကြီးက ပေးတဲ့အရာ..။

ချစ်စရာ ရှိသောအခါလည်း
မြတ်နိုး၍သာချစ် လိုက်ပါ...
မသေဆုံးခင်ဘဲ ချစ်ရမှာ..။

မုန်းစရာ ရှိသောအခါမူ
မေ့ပျောက်၍သာမုန်း လိုက်ပါ...
ဒီတစ်ဘဝမှာဘဲ မုန်းရမှာ..။

ပျော်
ငို
ချစ်
မုန်း
အကုန်လုံး...
လုပ်သင့်ရာကို လုပ်လိုက်ပါ....။

အကယ်၍သာ လိုအပ်လျှင်...
ကိုယ့် ကိုယ် ကို ပါ မေ့လိုက်ပါ။

Wednesday, July 22, 2009

မြန်မာကို ဘာထင်သလဲ



မြန်မာတွေ မညံ့ဘူးလို့ ပြောတာကို မယုံကြဘူး။ သက်သက်မဲ့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေကြတယ်လို့ ထင်ကြတယ်။ ကြွားစရာမရှိ ကြံဖန်ကြွားတယ်လို့ ဆိုကြတယ်။ ဒါကြောင့် တို့မြန်မာတွေက ထွင်ရမယ် ဆိုရင် ဘာထွင်သလဲ မမေးနဲ့၊ ထွင်တဲ့ နေရာမှာတော့ နှစ်ယောက်မရှိဘူးလို့ သိရအောင် တစ်နေ့မှာတော့ နိုင်ငံခြားက ရောက်လာတဲ့ မိတ်ဆွေတစ်ယောက်ကို လက်တွေ့ပြရအောင် ရန်ကုန် ကန်တော်လေးဘက် ခေါ်သွားလိုက်တယ်။ မိတ်ဆွေ နိုင်ငံခြားသားက ဘာများ ကြွားချင်လို့လဲတဲ့။ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ လိုက်လာခဲ့တယ်။ သူ့စိတ်ထဲမှာ မြန်မာဆိုရင် သိပ်အထင်မကြီးချင်ဘူးပဲကိုး။ ဒါကလည်း သူ့ရဲ့ အပြစ်တော့ မဟုတ်လောက်ဘူးလေ။ ပြည်ပမှာက မြန်မာနဲ့ ပတ်သက်ရင် အားမနာ လျှာမကျိုး ပြောနေလေကြတော့ သင်းတို့ နိုင်ငံခြားသားများ အနေနဲ့ နားဝင်နေတာမျိုးလည်း ရှိကောင်း ရှိနိုင်မှာပေါ့။ ဒါကြောင့် တို့မြန်မာတွေ မညံ့ဘူးဆိုတာ လက်တွေ့ပြမယ်၊ လာလိုက်ခဲ့ဆိုပြီး ခေါ်သွားလိုက်တာ ကန်တော်လေးဘက်ကို။ ကန်တော်လေး ရောက်တော့ လမ်းဘေးမှာ ဓာတ်ဆီ၊ ဒီဇယ် ရောင်းနေတဲ့ သူတွေကို လက်ညှိုး ထိုးပြလိုက်တယ်။ သင်းက ဘာတွေတုန်းတဲ့။ တုံးပါ့ ငတုံးရယ်။ ဒါ့ကြောင့်လည်း အဲသည့်လို တုံးလွန်းလို့ နိုင်ငံခြားသား ဖြစ်နေတာပေါ့ဟလို့ ပြောပြီး မင်းကြည့်စမ်း၊ ဒီဇယ်နဲ့ ဓာတ်ဆီရောင်းနေတာ မြင်လား။ တို့တိုင်းပြည်မှာ ဒီဇယ်နဲ့ ဓာတ်ဆီ ဝယ်ချင်လို့ကတော့ မင်းတို့တိုင်းပြည်လို ဆိုင်တွေ၊ ပန့်တွေ၊ စတေရှင်တွေ ဘာမှမလိုဘူး။ လျှပ်စစ်မီးလည်း ရှိစရာ မလိုဘူး။ တွမ်တီဖိုးအာဝါ ဆားဗစ်ကွလို့ ပြောလိုက်တာ၊ တို့ဆီမှာ ဓာတ်ဆီ၊ ဒီဇယ် ဘယ်အချိန်လိုချင်လဲ၊ ရေမြောင်းထဲမှာ ပုံးနဲ့အပြည့်လို့ ပြောလိုက်တော့ သင်းမျက်လုံးပြူးသွားတယ်။ အိုဂေါ့ဒ် တယ်ဟုတ်ပါလားတဲ့၊ ဟေ့ဒီမှာ တို့တိုင်းပြည်မှာ ဓာတ်ဆီ လိုချင်လား၊ ဒီဇယ်လိုချင်သလား ကြိုက်တဲ့ရေမြောင်းထဲ သွားနှိုက်လိုက်၊ လိုချင်သလောက် ကိုပုံးနဲ့ ရစေရမယ်လို့ကို ပြောလိုက်တာ။ ပြီးတော့ အနားမှာ ရပ်ထားတဲ့ လေးဘီး ကားတစ်စီးကို ပြလိုက်တော့ သူက ဘာတုန်းတဲ့။ ဒီလေးဘီးကို ရှေးဟောင်းပစ္စည်း အနေနဲ့ ထိန်းသိမ်းထားတယ် ဆိုပြီး ပြချင်တာလားတဲ့။ ဖွတ်တုံးပါ့ ငတုံးရယ်။ မင်းကတော့ တုံးပြီးရင်း တုံးပါလားလို့ ပြောလိုက်တယ်။ ပြီးတော့ မင်းထင်တာက သာမန် လေးဘီးကားလို့ ထင်တယ်မဟုတ်လား။ တို့တိုင်းပြည်မှာ သာမန် လေးဘီး အစုတ်ကလေးကိုတောင် ဘောက်ဆာကားတွေ ဖြစ်အောင် ထွင်နိုင်တယ်ကွ၊ သိရဲ့လား ငတုံးရဲ့ ပြောပြီး လေးဘီးနောက်ခန်းကို ပြလိုက်တယ်။ သင်းအံ့သြသွားတယ်၊ ဟဘာတွေတုန်းတဲ့။ ငတုံးရ ဘာရမလဲ၊ သေသေချာချာ ကြည့်လေ၊ မင်းကြည့်ရင် သာမန်လေးဘီး အစုတ်လေးလို့ ထင်တယ်မဟုတ်လား။ သည်မှာကြည့် လေးဘီးအစုတ်ကို လူစီးတဲ့ ထိုင်ခုံတွေဖြုတ်၊ ဘေးပတ်ပတ်လည် သံပြားနဲ့ ပတ်ပြီး တိုင်ကီ လုပ်လိုက်တော့ ဓာတ်ဆီ လှောင်ကန် ဖြစ်မသွားဘူးလား။ အဲသည့်တော့ လေးဘီးအစုတ်က လေးကလောင်စာဆီ သိုလှောင်တဲ့ ဘောက်ဆာ ဖြစ်မသွားပေဘူးလား ငတုံးရဲ့ ဟင်းဟင်းလို့ ပြောလိုက်တဲ့အခါ အိုးမိုင်ဂေါ့ဒ် ဆိုပြီး သင်းပက်လက်ကို လန်သွားပါရောလား။ ဟင်း ဟင်း ဒါအကင်းပဲ ရှိသေးတယ်။ တို့မြန်မာတွေမညံ့ဘူး ဆိုတာ ယုံပြီလား လို့ပြောလိုက်တယ်။ ဘာရမလဲ ဟွန်းမြန်မာကွ ...။ ကိုကိုကို