Showing posts with label (ကဗျာ). Show all posts
Showing posts with label (ကဗျာ). Show all posts

Monday, April 9, 2012

ရွေး ချယ် ခွင့်

ကျောခြင်းကပ်မှာလား......
ဒါဆိုရင်လှမ်းလာခဲ့ပါ.....

နောက်ကြောကိုဓါးနဲ့မွမ်းမလို့လား......
ဒါမှမဟုတ် အနီးကပ်ပြီး ပူးသတ်မလို့လား....
ဒါဆိုရင်တော့ ဝေးဝေးမှာဘဲနေခဲ့ပါ။

မခေါ်ပေမယ့် ဝင်လာခဲ့လို့ရပါတယ်။
မနှင်ပေမယ့် ပြန်ထွက်သွားခွင့်ရှိပါတယ်။
ဒါပေမယ် ငါ့ကို အရောင်တွေတော့ဆိုးမသွားပါနဲ့။

နှစ်ယောက်ပေါင်းမှတစ်ဘဝဆိုတာဖြစ်တာမဟုတ်ပါဘူး....
တစ်ယောက်တည်းနဲ့လည်း ဘဝဆိုတာဖြစ်တည်နိုင်ပါတယ်လေ....

ရဲရင့်နီ (၉.၀၄.၂၀၁၂ )

Tuesday, July 20, 2010

သတိ


သားကို အဖေကသတ်ပြီး
အဖေက သားကိုပြန်သတ်နေတဲ့ ခေတ်။
စုန်ရေဆိုတာ မသိ
ဆန်ရေဆိုတာမရှိ
ဦးသူလုပ်ကြေးဆိုပြီးဖြစ်နေတဲ့ ခေတ်။

အမြှီးကျက်ရင် အမြှီးစားပြီး
ခေါင်းကျက်ရင်
ခေါင်းစားတတ်တဲ့သူတွေများလာတော့
နေ့မြင်ညပျောက်...
ညမြင်နေ့ပျောက်တွေဖြစ်လာတယ်..။

ရှု့ တတ်သူတွေအဖို့တော့
တရားတွေရမယ်။
အနိစ္စဆိုတာကို
ကွက်ကွက်ကွင်းကွင်း
မြင်လာရမယ်။

ကမ္ဘာကြီးက ပိုပူနွေးလာတယ်။
လူတွေရဲ့ သိက္ခာကို
ငွေနဲ့ဝယ်လို့ရလာတယ်။

ဒီလိုခေတ်ကြီးထဲမှာ..
ရိုးရိုးကျင့်လို့ မြင့်မြင့်ကြံ
မှန်တာလုပ်ပြီး
ဟုတ်တာပြောလို့ ရနိုင်သေးပေမယ့်....

ကြည့်နေ ကြည့်စား
သတိနဲ့နေ သတိနဲ့သွား

အစားမတော် တစ်လုပ်
အသွားမတော် တစ်လှမ်းဆိုသလို...

အပူရှပ်ယုံကလေးနဲ့ဘဲ...
ဘဝပါ တစ်ခါတည်း
ပြောင်းသွားနိုင်တယ်။

(၂၂.၇.၂၀၁၀)

Tuesday, March 23, 2010

ခဏလေးများ

ဘဝ ဟာ
ဖယောင်းတိုင်တတိုင်လိုဘဲ......
ငါ့ကိုယ်ငါထွန်းညှိ.....
တမြိုက်မြိုက်နဲ့ လောင်းကျွမ်းလာလိုက်တာ....
မီးစာတောင်ကုန်လုပြီလေ.....

ဘဝဆီမှာ....
ယူရမှာလား.....
ပေးဆပ်ရမှာလား .....
စဉ်းစားနေရင်းနဲ့ဘဲ....
တောင်စွယ်မှာတောင်....
နေရောင်ကွယ်လုပြီလေ.....

ငါ လူတွေအတွက်....
အလင်းရောင်...
ဆောင်ကြဉ်းပေးခဲ့သလား......

ငါ လူတွေအတွက်....
အမှောင်တိုက်...
ဆောင်ကြဉ်းပေးခဲ့သလား......

ငါ့အတ္တ ဥခွံငါခွဲ....
ရဲရဲကြီးငါ့ ကိုယ်ငါမေးမယ်.....

ငါရေးခဲ့တဲ့ သမိုင်း
ရာဇဝင် မရိုင်းခဲ့ဘူး.....
ငါပေးခဲ့တဲ့ မေတ္တာ
အစွန်းအထင်း မရှိဘူး......
ငါဆိုခဲ့တဲ့ သစ္စာ...
ဖောက်ပြန်မှု မရှိဘူး....

ငါ့သိက္ခာ ငါလုံလို့
ငါ့လိပ်ပြာ ငါသန့်တယ်.....
သူများတွေ ဝင်ရေးသွားတဲ့
ငါ့သမိုင်း
ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး..........

ငါဘယ်လို နေသွားတယ်ဆိုတာဘဲ
အရေးကြီးတယ်.....
ငါဘာတွေ ရ သွားတယ်ဆိုတာ
ထားခဲ့လိုက်မယ်.....

စိတ်တွေကိုမျောလွင့်မယ်....
အတိတ်တွေကိုမေ့ထားမယ်....
လူ့ ဘဝ ဆိုတာ အိမ်မက်ဘဲဖြစ်တယ်။ ။

(၂၃.၀၃.၂၀၁၀)

Tuesday, March 16, 2010

ဇာတ်

ဘဝ ဆိုတဲ့ လူ့ဇာတ်ခုံ....
အပြောင်းအလဲတွေနဲ့ ထာဝရကြုံမယ်......

ဇာတ်တွေထဲမှာ.....
တစ်ခါတစ်ခါ
ဟီးရိုးလဲ ဖြစ်မယ်.....
တစ်ခါတစ်ခါ
မီးခိုးလဲ ဖြစ်မယ်.....

တိမ်တွေကိုဖောက်ရတဲ့
ဇာတ်လဲရှိမယ်....
မြေပြင်ပေါ်ကိုရောက်ရတဲ့
ဇာတ်လဲရှိမယ်....

ဘီလူးဆိုင်းနဲ့ မူးပြီးရိုင်းရတဲ့
ဇာတ်လဲရှိမယ်....
အရူးသိုင်းနဲ့ အူကြောင်ကြားလုပ်ရတဲ့....
ဇာတ်လဲရှိမယ်....

ဆရာရုပ်နဲ့
သဘာလုပ်တဲ့ဇာတ်လဲရှိမယ်..
အာပလာပုံနဲ့
ဘေးထိုင်နေရတဲ့ဇာတ်လဲရှိမယ်..

လူ့ဘဝ အဖုံဖုံ...
ဖြစ်သမျှ အစုံစုံ ရယ်မို့....
ဇာတ်ပေါင်းစုံရင်တော့ဖြင့်...
လူယုတ်မာဇာတ် .....
မကဖြစ်ခဲ့ဖို့ဘဲ... အရေကြီးတယ်။ ။

(၁၆.၀၃.၂၀၁၀)

Wednesday, March 10, 2010

ငါ့....ငါ

ငါ့ လမ်း ငါ ဖောက်....
ငါ့ ခရီး ငါ ဆက်လျှောက်မယ်....

ငါ့ စိတ်နဲ့ ငါတွေးပြီး
ငါ့ သမိုင်း ငါ ရေးမယ်.....

ငါ့ အမြင်နဲ့ ငါ မို့
ငါ့ အယူဝါဒ ကို ငါ ဆုပ်ကိုင်မယ်.....

ငါ့ စည်းနဲ့ ငါ့ ကမ်း
ငါ့ လမ်းနဲ့ ငါ လှမ်းမယ်......

ငါ့ အကြောင်း ငါ သိလို့....
ငါ့ဘဝ ငါ ကြည့်မယ်....

ငါ့ အလုပ် ငါ လုပ်လို့....
ငါ ဖြစ်တာ ငါ ခံမယ်....

သေခြာတစ်ခုကတော့
ငါ မှန်တာ ငါ သိဖို့နဲ့....
ငါ ဆိုတာ လူပီသဖို့ဘဲ အရေးကြီးတယ်။။


(၁၀.၀၃.၂၀၁၀)

Friday, February 5, 2010

မင်းဘာလဲ ?



စာနာ နားလည်မှု့တွေရဲ့  ကြားမှာ
ချစ်ခြင်းမေတ္တာ ဆိုတာပေါ်ထွက်တယ်။

စစ်ပွဲတွေရဲ့  ကြားမှာ
သူရဲကောင်းတွေပေါ်ထွက်တယ်။

ခေတ်ပျက်နေတဲ့ ကြားမှာ
တောကြောင်တွေပေါ်ထွက်တယ်။

တော်လှန်ရေးတွေ ကြားမှာ
အမျိုးသားခေါင်းဆောင်တွေပေါ်ထွက်တယ်။

အခွင့်အရေးတွေရဲ့  ကြားမှာ
သာကူးတွေပေါ်ထွက်တယ်။

အာဏာလုပွဲတွေရဲ့  ကြားမှာ
နိုင်ငံရေးသမားတွေပေါ်ထွက်တယ်။

အခက်အခဲတွေရဲ့  ကြားမှာ
မိတ်ဆွေစစ်တွေပေါ်ထွက်တယ်။

နာကျင်ဝမ်းနည်းမှုတွေရဲ့  ကြားမှာ
မျက်ရည်စက်တွေပေါ်ထွက်တယ်။

မင်းကရော .....
ဘယ်နေရာကနေပေါ်ထွက်မှာလဲ.....??????

(ကိုကျော်သူ သို့ အမှတ်တရ.......)

(၅.၀၂.၂၀၁၀)

Friday, January 22, 2010

ဒီ လက်များ



အပေး အယူ မျှတဲ့ လက်...
ဖေးကူမမဲ့ လက်...

အပြုံးများနဲ့ ကမ်းမဲ့ လက်...
နုလုံးသား နဲ့ နမ်းမဲ့ လက်...

ကဗျာတွေ သီတဲ့ လက်...
စာတွေစီမဲ့ လက်...

ချစ်စရာ အတိနဲ့ လက်...
ပြစ်စရာ မရှိတဲ့ လက်...

ညီညာကာနေမဲ့ လက်...
ပြည်သာယာ စေမဲ့ လက်...

စေတနာတွေ ညီတဲ့ လက်...
ဒီကမ္ဘာမြေ တည်မဲ့လက်....။


( ၂၂.၀၁.၂၀၁၀ )

မှတ်ချက်။ ။ ကိုAATO ၊ ကိုမိုးသွေးငယ် ၊ ညီလေးတက်လူငယ်ညီလေးCraton နှင် ညီလေးNeo တို့နှင့်တွေ့ဆုံခြင်း အမှတ်တရ ။

Wednesday, December 23, 2009

သီအိုရီ



ခြေတစ်လှမ်း
ကုဋေတစ်သန်းတန်စေဖို့....
မင်းခြေလှမ်း မမှားပါစေနဲ့....

အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့သူတွေရှိမယ်
ခြေတွေ့တိုင်း ရေဆေးပေးတဲ့အိုင်တော့
မင်းမဖြစ်စေနဲ့......

ဖောက်ပြန်တတ်တဲ့လူတစ်ယောက်ထက်....
ညဌက်တစ်ကောင်ဟာ........
ပိုပြီး အဖိုးထိုက်ပါတယ်.....

ကဲ...
မင်းရဲ့  ခြေတစ်လှမ်း
ကုဋေတစ်သန်းတန်စေဖို့....
မင်းခြေလှမ်း မမှားပါစေနဲ့....


(၂၃.၁၂.၂၀၀၉)

Saturday, November 7, 2009

လူဖြစ်ရတဲ့ ဒုက္ခ



အမှန်တရားခြင်းဖြစ်တဲ့
ပဋ္ဋိပက္ခတွေရဲ့ ကြားမှာ
ငါ နစ်မွန်းနေရတာ
ကြာခဲ့ပြီ............

ဒုက္ခတွေရဲ့ ကြားမှာ
ငုတ်တုပ်ထိုင်ပြီး
သတိတွေ အကြိမ်ကြိမ်မေ့
ငါ့ လိပ်ပြာလွင့်ခဲ့ပေါင်းများပြီ....

ငါ့အတ္တ နဲ့ ငါ....
အကြိမ်ကြိမ် စီးချင်းထိုး...
ငါဘဲ အကြိမ်ကြိမ်
ရှုံးနိမ့်ခဲ့ရ.....

အနေမတတ်သေးတဲ့ ငါ....
အသေကောတတ်အုံးမှာလား...........

အဖြေမရှိတဲ့ မေးခွန်းတွေအတွက်....
အဖြေကိုရှာနေရင်း..........
လူဖြစ်ရတာကို....
မုန်းမိတယ်........။
“ငါသည်နာကျင်သောကိုယ်ရှိသူဖြစ်လျှက်
နာကျင်သောစိတ်ကင်းသူဖြစ်လတံ့”

(၇.၁၁.၂၀၀၉)

Friday, October 23, 2009

နင်း ........ကြမ်း



သောကရွက်နု လွင့်လာမြူးပြီး
သောကပွင့်သစ် ကြွေကာခသည်
သောကပင်ကို ပျိုးသောကြောင့်

လူနှင့် လူသာငြိုးမာန်ဖွဲ့သည်
မာန တံခွန်ထူသောကြောင့်
နင် ငါ မဟူ အတူတူတည့်
နောက်ဆုံး သေရွာသွားရမည်....

ကိုယ်ပြု့ သည့် ကံ
ကိုယ်သာ ခံ
ကိုယ့် ကံ
ကိုယ် သာစီရင်မည်....

လွန်မိသည့် ဝဋ်
ကြေစေလွတ်.....
ဒီဘဝ ဤမျှ
နောက်ဆုံးတည်း။

“ငါသည်နာကျင်သောကိုယ်ရှိသူဖြစ်လျှက်
နာကျင်သောစိတ်ကင်းသူဖြစ်လတံ့”

(၂၃.၁၀.၂၀၀၉)

Sunday, August 23, 2009

လူ နှင့် တိရိ စ္ဆာန်





ဒုက္ခတွေ ခံရဖို့အတွက်များ
လူရယ်လို့လာဖြစ်နေရသေးတယ်..

အသိဥာဏ်နုံနည်းတဲ့ တိရိ စ္ဆာန်ဖြစ်ပြီး
ဒုက္ခတွေ ခံစားရတာကမှ..
လူအဖြစ်နဲ့ ခံစားရတာထက်စာရင်..
ပိုပြီးသက်တောင့်သက်သာ ရှိလိမ့်အုံးမယ်..

သူ့ တို့အတွက်ကတော့
အရှက်အကြောက်ဆိုတာ မရှိ
အတင်းအဖျင်းဆိုတာ မသိတဲ့
သတ္တဝါတွေမို့လေ...

လူလို မမွေးရ..
လူလို မစားရ...
လူလို မနေရ..
လူလို အသက်မရှင်ရ..
နောက်ဆုံးတော့ လူလိုပါ မသေရ
မရ..မရ..မရတာတွေဘဲ..
ရနေပြီးတော့......
လူအမည်ခံယုံသက်သက်နဲ့ဘဲ...
လူရယ်လို့လာမဖြစ်ရပါစေနဲ့...

ခံစားတဲ့ အသိဥာဏ်နုံနည်းပြီး
အရှက် အကြောက်
ကင်းကင်း ရှင်းရှင်းနဲ့..
တိရိ စ္ဆာန်သက်သက်ရယ်ဘဲ
ဖြစ်သွားတာကမှ ပိုပြီးကောင်းပါတယ်။


(၂၃.၀၈.၂၀၀၉)

Sunday, August 16, 2009

သြော်...သြော်..


သြော်..
ဟိုဘက်ကနေလူတွေကအော် လိုက်...
ဒီဘက်ကနေလူတွေကလှော်လိုက် နဲ့...
အချိန်တန်တော့...
မြန်မာပြည်ထဲက လူတွေက..
ထထပြီး ချကြတယ်....
ဒီတစ်ပွဲပြီး ပြန်တော့..
ဟိုဘက်ကလူတွေက အခွင့်အရေးလေးရလိုက်..
ဒီဘက်ကလူတွေက အကျိုးအမြတ်လေးရလိုက်နဲ့..
မြန်မာပြည်ထဲက လူတွေကလည်း..
ပိုးစိုးပက်စက်နဲ့..သေလိုက်တာမှ ..
သောက်သောက်လဲ...

သြော်...
ဒီလိုနဲ့ဘဲ....
အော်တဲ့သူတွေကလည်း
ထပ်ကာထပ်ကာအော်.....
လှော်တဲ့သူတွေကလည်း
ထပ်ကာထပ်ကာလှော်.....
သေတဲသူတွေကလည်း
ထပ်ကာထပ်ကာသေ.....
အမြဲမပြတ်တတ်တဲ့ သံသရာဆိုတာ..
ဒီလိုဟာကိုပြောနေတာဘဲ..........ဖြစ်ပါလိမ့်မယ်။

(၁၆.၈.၂၀၀၉)

Monday, July 27, 2009

ပျံသန်းခြင်း

ပျော်စရာ ရှိသောအခါမှာ
ပျော်ပျော်ကြီးသာပျော်လိုက်ပါ...
ဤလောကက ပေးတဲ့အရာ..။

ငိုစရာ ရှိသောအခါလည်း
ရင်မှဖွင့်ထုတ်ငို လိုက်ပါ...
ဒီဘဝကြီးက ပေးတဲ့အရာ..။

ချစ်စရာ ရှိသောအခါလည်း
မြတ်နိုး၍သာချစ် လိုက်ပါ...
မသေဆုံးခင်ဘဲ ချစ်ရမှာ..။

မုန်းစရာ ရှိသောအခါမူ
မေ့ပျောက်၍သာမုန်း လိုက်ပါ...
ဒီတစ်ဘဝမှာဘဲ မုန်းရမှာ..။

ပျော်
ငို
ချစ်
မုန်း
အကုန်လုံး...
လုပ်သင့်ရာကို လုပ်လိုက်ပါ....။

အကယ်၍သာ လိုအပ်လျှင်...
ကိုယ့် ကိုယ် ကို ပါ မေ့လိုက်ပါ။

Sunday, June 7, 2009

မလို အပ်သော လူ့ဘဝ



ဖြစ် ခြင် ရာ ဖြစ်
စိတ် မ ညစ် နဲ့ . . . .
စိတ် ညစ် တိုင်း သာ
အ ဆင် ပြေ ပါ မူ
ဘယ် မှာ ဒု က္ခ ရှိ မည် နည်း။

တောင် တွေး မြောက် တွေး
စိတ် မ လေး နဲ့ . . . .
စိတ် လေး တိုင်း သာ
အောင် မြင် ပါ မူ
ဘယ် မှာ သော က ရှိ မည် နည်း။

ဒု က္ခ တွေ နဲ ဆုံ
သော က တွေ နဲ ကြုံ လို့
ဝမ်း နဲ တိုင်း သာ
ငို နေ ပါ မူ
ဘယ် မှာ မျက် ရည်
ဆုံး မည် နည်း။

သြော်..
မည် သို့ ပင် ဆို စေ
အ ကြိမ် ကြိမ် အ ဖန် ဖန်
တ ရား ကို နု လုံး သွင်း
စိတ် အေး ချမ်း အောင်
ကြံ ပါ သော် ငြား
ဝင် လာ သည့် အ တွေး...
နောက် ဆုံး ရယ် က

ဖြစ် ခြင် အုံး ဟ လူ
မ သေ မ ခြင်း
နင် ချည်း ဘဲ
ရင် စည်း ပြီး တော့
မ သေ
သေ အောင် သာ
အ ကြိမ် ကြိမ် အ ဖန် ဖန်
နင် သာ လျှင်
ခံ . . . .
ခံ လိုက် ပေ တော့ ရယ် လို့။


(၆.ဝ၆.၂ဝဝ၉)

Saturday, May 2, 2009

ညီမလေးသို့............


ဥသြသံက ကြားကြားတိုင်းတော့
နားမထောင်မိစေနဲ့...
သံယောဇဉ်တွေကို...
ပိုတိုးစေလိမ့်မယ်...

ယိုင်နေတဲ့ ခြေနှစ်ချောင်းနဲ့
ကောင်းကင်ပေါ်မှာ
လွင့်နေလိုက်ပါ..
နောင်လာမဲ့...
နေ့သစ်တွေအတွက်..

နှလုံးသားထဲမှာ
ကိန်းအောင်းနေတဲ့ လူတစ်ယောက်ကတော့...
သေချာပေါက်..
စွမ်းအားတွေကိုပေးဆပ်လိမ့်မယ်....
အဲ့ဒီစောင့်နေတဲ့...သူတစ်ယောက်တည်းအတွက်..


(၂.ဝ၅.၂ဝဝ၉)

Friday, April 24, 2009

ဘာလဲ...."ဘဝ"



ဘာလဲ....
ဘဝဆိုတာ......
လူတစ်ခု..ပူမှုဒုက္ခတွေကို...
တစ်ယောက်တည်းအံကြိတ်....ခါးစည်းပြီးခံရဖို့အတွက်
အသင့်ပြင်ထားတဲ့..နေရာတစ်ခုလား...

ဘာလဲ....
ဘဝဆိုတာ......
ရင်ဘတ်တွေ ပေါက်ကွဲထွက်အောင်...
အသည်းနှလုံးတွေ ကွဲအက်ဖို့အတွက်..
အမြဲအသင့်ရှိနေတတ်တဲ့ နေရာအသစ်လား...

ဘာလဲ....
ဘဝဆိုတာ......
အားနည်းနေတဲသူတွေကို....စုတ်ပြတ်သတ်သွားအောင်..
ဝိုင်းပြီးစုသမနေတတ်တဲ့
လမ်းကြိုလမ်းကြားက နေရာလား....

ဘာလဲ....
ဘဝဆိုတာ......
အသက်ဆက်ရှင်နိုင်ဖို့အတွက်.....
အရှက်ဆိုတာကို..ဈေးပေါပေါနဲ့...
လမ်းဘေးမှာ..မှောင်ရိပ်ခိုပြီး
ချရောင်းနေရတဲ့...နေရာလား.....

ဘာလဲ....
ဘဝဆိုတာ......
အဖေမရှိ..အမေမရှိ..
ဘာဆိုဘာမှရှိဘဲ....
တစ်ကောင်ကြွက်..တစ်မျက်နှာဘဝနဲ..
တစ်သက်လုံး အထီးကျန်စွာ
နေထိုင်ရဖို့အတွက်..နေရာတစ်ခုလား..........

ဘာလဲ....
ဘဝဆိုတာ......
လူဆိုတဲသတ္တဝါဟာ....ငွေအသပြာလောက်..
တန်ဖိုးမရှိပါဘူးလို့..အိပ်မက်တွေခဏခဏ
မက်မက်နေရတဲ့နေရာလား.........


ဘာလဲ....
ဘဝဆိုတာ......
အတ္တတွေနဲ့ ခရီးအပြင်းနှင်..
မျှော်လင့်ခြင်းတွေထမ်းပိုးပြီး...
ရူးသွပ်စွာရှင်သန်ရင်းနဲ့....
သေဆုံးဖို့စောင့်နေရတဲ့နေရာလား.......

ဘာလဲ....
ဘဝဆိုတာ......
ဘာလဲ....
ဘ.ဝ.ဆို.တာ......
ဘ..ဝ...ဆို....တာ......



(၂၄.ဝ၄.၂ဝဝ၉)

Thursday, April 23, 2009

ကံကောင်းခြင်း

ငါ.........
လူတစ်ကာရဲ့  တံတွေးခွက်ထဲ.........
ပက်လက်နဲလည်း မျောခဲ့ရဘူးတယ်။

ငါ.........
အဟာရသိဒ္ဒိ ပြီးမြောက်စွာနဲ့......
ထမင်းတစ်ပတ်လောက်လည်း.. ငတ်ခဲ့ရဘူးတယ်။

ငါ.........
သစ်ရွက်လှုပ်သံကြားရင်တောင်..ကြောက်နေရတဲ့....
ငွေအသပြာတစ်ပြားမှ....မရှိတဲ့ဘဝမှာလည်း......
နေခဲ့ရဘူးတယ်။

ငါ.........
လောကကြီးကို..အရှူံးပေးရင်...
နှလုံးအေးမယ်ဆိုပြီး.....
အကြိမ်ကြိမ် အခါခါလည်း..
သေကြောင်းကြံစည်ခဲ့ရဘူးတယ်....

ငါ.........
ဘယ်လိုခြေအနေမျိုးဘဲရောက်ရောက်.....
ကံကောင်းထောက်မစွာနဲ့ဘဲ....
တစ်ကြိမ်တစ်ခါမှမျှ...
မယုတ်မာမိခဲ့ဘူးကွယ်။


(၂၃.ဝ၄.၂ဝဝ၉)

Monday, April 20, 2009

ငါ့ ဆန္ဒ

ကိုယ့်လမ်း ကိုယ်ဖောက်......
ကိုယ့်ခရီး ကိုယ်လျှောက်လာရတာ.......
ဘဝခရီးတောင် တစ်ဝက်ကျိုးခဲ့ပြီလေ.....

ကိုယ့်အတွေးနဲ့ ကိုယ်ငေး....
ကိုယ့်သမိုင်း ကိုယ်ရေးပြီး.....
ကိုယ့်အကြောင်း ကိုယ်အသိဆုံးမို့
ကိုယ့်အလုပ် ကိုယ်ဆက်လုပ်မယ်....

ငါ....
နိုင်ငံကိုလည်း မကျော်ခြင်ဘူး...
ကမ္ဘာကျော်ကြီးလည်း မဖြစ်ခြင်ဘူး....
ငါ့ မိသားစုနဲ့.....
ငါ့ အသိုင်းအဝန်း အတွက်...
သူရဲကောင်းဘဲဖြစ်ခြင်တယ်...

(၂၁.ဝ၄.၂ဝဝ၉)

Friday, April 10, 2009

လူ့အတွေး ကိုတွေးကြည့်ခြင်း



ငါ့မြင်းငါစိုင်း.....
စစ်ကိုင်းရောက်ရောက်...
ငါ့လှေငါထိုး...
ပဲခူးရောက်ရောက်.....

ဒီလိုနဲ့ဘဲ....
သူတို့တွေက ..စိုင်းလိုက်... ထိုးလိုက်နဲ့.....
ငါတို့တွေလည်း....
မြင်းတွေဖြစ်လိုက်..လှေတွေဖြစ်လိုက်ပေါ့...

တစ်ခါတစ်ခါများဆိုရင်...
ကိုယ်ကိုကိုယ်တောင်...
ဘာကောင်ဖြစ်လို့
ဘာကောင်ဖြစ်မှန်းမသိနိုင်အောင်...
သူတို့ကတော့
စီးလို့ကောင်း...ထိုးလိုးကောင်းနေတုန်း။

သင်္ချိုင်းနေရာတောင်... မရှိရရှာတဲ့
အဓိပတိဟောင်းကြီးတွေရှိတယ်....
တူသောအကျိုးပေးတွေဘဲပေါ့။

ငါ့အလှည့်
ငါ့အလှည့်ရောက်နေတယ်ဆိုပြီး....
အရမ်းကာရော မလုပ်မိပါစေနဲ့။

ငါ့အလှည့်ဆိုတာရှိနေရင်....
သူအလှည့်ဆိုတာလည်းအမြဲရှိနေမယ်......

ပြုသူအသစ်...
ဖြစ်သူအဟောင်းတဲ့....

ရှည်လျှားလွန်းတဲ့...သံသရာကို...
သူတို့တွေဘာကြောင့်များ...
ထပ်ခါထပ်ခါ ဆွဲဆန့်ခြင်နေကြတာလည်း။

သုညနဲ့ စတဲ့ဘဝတွေက...
သုညတွေနဲ့ဘဲဆုံးလိမ့်မယ်။

နေထွက်တုန်း ဗလာသက်သက်ဘဲလေ....
နေဝင်တော့လည်း ဗလာသက်သက်ဘဲပေါ့....
လောကရဲ့ သစ္စာတရားတွေ.....
လောကကြီးရဲ့ သစ္စာတရားတွေ...။

ငါတို့ ကတော့...
ဘေးလည်းမထိုင်..
ဘုလည်းမပြော....
ဟိုဘက်မှာလည်းမနေ...
ဒီဘက်မှာလည်းမရပ်
ခြံစည်းရိုးပေါ်လည်းတက်မခွဘူး။

ငါ့မြင်းငါစိုင်း.....
စစ်ကိုင်းရောက်ရောက်...
ငါ့လှေငါထိုး...
ပဲခူးရောက်ရောက်.....

(၁ဝ.ဝ၄.၂ဝဝ၉)

Monday, March 30, 2009

နေနည်း ထိုင်နည်း


ရင်ထဲ မှာမွန်းမွန်း ကြပ်ကြပ်နဲ့....
အသက်ရှင်သန်နေရတာ...
အရမ်းကိုပင်ပန်းလွန်းတယ်...

ပိုင်ဆိုင်ထားတဲ့ အရာတွေ.. မဆုံးရှူံးစေဖို့....
မပိုင်ဆိုင်သေးတဲ့ အရာတွေ.. ပိုင်ဆိုင်နိုင်ဖို့....
ကြိုးစားရင်း ...ကြိုးစားနေရင်းနဲ့....
တစ်နေဝင်လို့..တစ်နေထွက်...
နေ့ရက်တွေကို....လတွေကဝါးမြိုစားပြီး...
တစ်နှစ်ပြီးတစ်နှစ်နဲ့...ငါတို့တွေရဲ့ အသက်တွေဘဲ
တဖြေးဖြေးနဲ့...........
ကြီး..ကြီး..လာတယ်...

ငါတို့တွေရဲ့ 
အိမ်မက်တွေကတော့..
ဟိုး..ဟိုအဝေးမှာ..
မှုန်လို့ ဝါးလို့ ကောင်းနေတုန်း...

မနက်ဖြန် မနက်မှာ...
ငါတို့တွေ...မျက်နှာသစ်ရဖို့ကရော...
သေရော.....သေချာလို့လား...

မသေချာခြင်းတွေဘဲ သေချာနေတဲ့ဘဝထဲမှာ...
စိတ်ကိုဖြေးဖြေးလေးလျော့...
လောဘခပ်ပါးပါးနဲ့...ပြုံးပြုံးလေးနေပြီး
အသက်ရှူပစ်လိုက်စမ်းပါ.....

ဟိုးအရှေ့ ဆီမှာ...ငါတို့တွေလျှောက်လှမ်းရမဲ့...လမ်း
ကန္တာရ...ခရီးကြမ်းတွေ.....
အများကြီး....အများကြီးကို....
ကျန်နေသေးတယ်။

(၃ဝ.ဝ၃.၂ဝဝ၉)