Sunday, September 26, 2010

“ မှာပါရစေ … ပြောပါရစေ ”

ကိုယ်သေရင် မငိုနဲ့၊

ပါးစိုရုံရှိမှာပေါ့။

သပိတ်မသွတ်နဲ့

လွတ်ပြီးသား၊ ကျွတ်ပြီးသား။

ထမင်းမထုတ်နဲ့၊

သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့၊

အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက်ယူမသွားနဲ့၊

ပြန်လိုက်ရမယ့်အစားမဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။


ကိုယ်သေရင် မငိုနဲ့

ကြိုကြိုပြီးသေထားသူ။

“ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့

မရဏမင်းဆီပျော်ပျော်သွားမှာ။

ပြီးတော့ ပြောပါရစေ -

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကိုဆက်လုပ်ဖို့၊

ဟောဒီချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ်မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့၊

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ

လူသာဆုံးတာကျန်တာမရှုံးဘူး။

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။


မိုးဟိန်း (သားဂျာနယ်ကျော်)