ကျနော် တရုတ်လူမျိုး မဟုတ်ပါ။ လူမျိုးရေး အစွဲ၊ ဒေသအစွဲ ကြီးသူလည်း မဟုတ်ဟု စကားပလ္လင် ခံလိုပါသည်။ ပြီးခဲ့သော တရုတ် နှစ်ကူးက ပေးလိုက်သည့် အတွေးများကို အခြေခံ၍ ရေးလိုက်ခြင်းသာ ဖြစ်ပါသည်။
တရုတ်ရိုးရာပြက္ခဒိန်အရ နှစ်ဆန်းတရက်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) မနက်ပိုင်းတွင် ရန်ကုန်မြို့ထဲမှနေ၍ ဘတ်စ်ကားစီးကာ ပြန်လာခဲ့သည်။ ဘတ်စ်ကားသည် မီးပွိုင့်တခုကို ကျော်လာပြီး ရုတ်တရက် ရပ်လိုက်ရသည်။ ရှေ့တွင် ယာဉ်တန်းကြီးက အရှည်ကြီး ဖြစ်နေသည်။ ယာဉ်တိုက်မှုများ ကြီးကြီးမားမား ဖြစ်၍လား၊ သို့မဟုတ် ဗီအိုင်ပီ ယာဉ်တန်းများလာ၍လား၊ တက္ကသိုလ်ရိပ်သာ လမ်းထိပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော အရေးကိစ္စ တခုခု ဖြစ်၍လား ဟုလည်း စဉ်းစားမိခဲ့သေးသည်။
ဤသို့နှင့် တဖြည်းဖြည်းချင်းလှိမ့်လာသော ဘတ်စ်ကားမှာ နောက်မီးပွိုင့်သို့ ရောက်သွားတော့မှ ယာဉ်ကြောအကြာကြီးပိတ်နေသည့် အဖြစ်မှန်ကို သိရသည်။ တရုတ်ဘုံကျောင်းတွင် တရုတ်နှစ်ကူးဆုတောင်းပွဲရှိသောကြောင့်ဖြစ်သည်။ ဘုံကျောင်းရှေ့မှ ဘတ်စ်ကား အဖြတ်တွင် ဘုံကျောင်းထဲ၌ ကြီးကြီးငယ်ငယ် တရုတ်လူမျိုးများကို ဝတ်ကောင်း စားကောင်းများဖြင့် ပျော်ရွှင်စွာ တွေ့ရသည်။ တရုတ်တို့၏ မော်တော်ယာဉ်များက လွန်စွာ ပြည့်နှက်နေသောကြောင့် ယာဉ်ထိန်းရဲ ၁၀ ဦးခန့်က မနည်းပင် လမ်းရှင်းပေးနေရသည်။
ဘုံကျောင်းလာတရုတ်များကို အုံလိုက်ကျင်းလိုက် တွေ့လိုက်ရသည့်အခါတွင် ဘတ်စ်ကား စပယ်ယာက ခရီးသည် အမြောက်အမြားရရန် ရည်ရွယ်ချက်ဖြင့် ယာဉ်မောင်းကို ဝမ်းသာစွာ လှမ်းအော်ပြောလိုက်သည်။ ဘုံကျောင်းကိုအကျော်တွင် ယာဉ်မောင်းက မှတ်တိုင်သို့ ဇွတ်အတင်း ဝင်ကပ်ကာ စပယ်ယာက ဘုံကျောင်း အသွားအလာ တရုတ် လူအုပ်ကြီးရှိရာသို့ “ရန်ကင်း၊ ၁၂ လုံးတန်း၊ တောင်ဥက္ကလာ၊ ဘေလီ၊ ဒဂုံရောက်မယ်” ဟု အားတက်သရော အော်ခေါ်တော့သည်။ သို့သော် ထိုဘုံကျောင်းလာ လူအုပ်ကြီးထဲမှ ခရီးသည် တဦးတယောက်မျှ တက်မလာပေ။ ၁၀ မိနစ်ခန့်ကြာသည်အထိ စပယ်ယာခမျာ အဆက်မပြတ် အော်ခေါ်ရှာသည်။ ဒုံရင်းက ဒုံရင်းပင်။ တယောက်မျှပင် တက်မလာပေ။
ဤတွင် ကားပေါ်ပါသော ခရီးသည်ထဲမှ အမျိုးသားတဦးက စောင့်ဆိုင်းနေရသည်ကို သည်းမခံနိုင်ကြောင်း ပြောတော့မှ ဘတ်စ်ကားမှာ မထွက်ချင်၊ ထွက်ချင်ဖြင့် ထွက်လာရတော့သည်။ မှန်းချက်နှင့်နှမ်းထွက် တက်တက်စင်အောင် လွဲသွားပြီးနောက် စပယ်ယာဖြစ်သူမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
မှတ်တိုင်မှ အထွက်တွင် ကျနော့်ခေါင်းထဲသို့ တွေးစရာတွေ တပုံတခေါင်းကြီး ဝင်လာသည်။ ကျနော် ပထမဆုံး တွေးမိသည်မှာ မြန်မာပြည်က တရုတ်တွေ ဒီလောက်တောင် ချမ်းသာနေကြပြီလား ဟူ၍ပင်။ များစွာသော ဘုံကျောင်းလာ တရုတ် လူမျိုးများ အားလုံး ကိုယ်ပိုင်ကား၊ စုပေါင်းစပ်ပေါင်းကား၊ သို့မဟုတ် တက္ကစီဖြင့်သာ လာရောက်သည်မှာ အဆိုပါ ဘုံကျောင်းဘေးမှ ဘတ်စ်ကားမှတ်တိုင်လေးက သက်သေပြနေသည်။ အခြားသော ဘတ်စ်ကားများမှာလည်း ထိုနည်း အတိုင်းပင် ခရီးသည် တဦးတယောက်မှ မရပေ။ ဘုံကျောင်း ရှေ့နှင့် ဝဲ၊ ယာ တဘက် တချက်စီတွင် ကိုယ်ပိုင်ကား ကြီးငယ်အသွယ်သွယ်နှင့် တက္ကစီကားများ ပြည့်နှက်နေသည်။
အတွေ့အကြုံအရ ပြောပါက မြန်မာ့ရိုးရာပွဲတော်များ၊ ဘာသာရေးပွဲများနှင့် အခြားသော ပျော်ပွဲရွှင်ပွဲများဟူသည် ဘတ်စ်ကား ဒရိုင်ဘာတို့နှင့် စပယ်ယာတို့အတွက် မုတ်ဆိတ်ပျားစွဲ ဖန်တီးပေးခဲ့ကြသည်ချည်းသာ ဖြစ်သည်။ မြောက်ဥက္ကလာက မယ်လမုဘုရားပွဲ၊ မိုးကောင်းဘုရားပွဲ၊ ဦးချစ်မောင်ရပ်ကွက်က ရာသီအလိုက် ဘုရားလှည့်ပွဲတိုင်း လိုလိုတွင် ဘတ်စ်ကားများ အလွန် အလုပ် ဖြစ်ကြသည်။ သို့သော် တရုတ်လူမျိုး အများစုသာ ပါဝင်သည့် ဘုံကျောင်း ဆုတောင်းပွဲကမူ တမျိုးတဘာသာ ဖြစ်သည်။ ဘုံကျောင်းလာသူ တရုတ် အများစုမှာ အဲပုဂံ လေကြောင်းလိုင်းနှင့် အခြားသော ဧရာမ စီးပွားရေး လုပ်ငန်းကြီးများကို ပိုင်ဆိုင်သော သူဌေးကြီး ဦးတေဇလောက် မချမ်းသာသည့်တိုင် အချိုးချကြည့်ပါက သာမန် မြန်မာလူမျိုးများထက် ချမ်းသာကြသည်မှာ သေချာသလောက် ရှိသည်။
ညနေပိုင်းရောက်တော့ အဆိုပါ ဘုံကျောင်းရှေ့က အဖြစ်အပျက်ကို ထပ်၍စဉ်းစားမိနေပြန်သည်။ မြန်မာတွေဘာကြောင့် တရုတ်တွေလောက် မချမ်းသာကြတာလဲ။ မိတ်ဆွေတွေထဲက တရုတ်လူမျိုးတို့၏ ဓလေ့စရိုက်များကိုလည်း ဆန်းစစ်ကြည့်မိသလို တရုတ်လူမျိုးများ၏ ဓလေ့စရိုက် အပေါ် အပြစ် ပြောသူများနှင့် အကောင်းပြောသူများ၏ စကားသံများကိုလည်း စိတ်ထဲတွင် ပြန်ဖွင့်ကြည့်မိသည်။ သေချာသည့် အချက်နှစ်ချက် ပေါ်လာသည်။ တချက်က တရုတ်တို့သည် ပိုက်ဆံ ရှာရာတွင် အာရှသားများထဲ၌ အထူးချွန် အပြောင်မြောက်ဆုံး သူများဖြစ်သည်။ နောက်တချက်မှာ တရုတ်လူမျိုးများတွင် ပျင်းရိသူဟူသည် ယနေ့ခေတ်တွင် အတော့်ကို ရှားသည်ဟု ထင်သည်။ ကျနော်နှင့် ရင်းနှီးသော တရုတ်မကြီးတဦးက ပြောဖူးသည်။ “ငါတို့က တနေ့ ပိုက်ဆံ တကျပ် မဝင်ရင် နေမကောင်း ဖြစ်သလို ခံစားရတယ်” ဟူ၏။ သူ၏ သားသမီးများ စင်ကာပူတွင် တလကို ဒေါ်လာ ထောင်ချီရသည့် အလုပ်အကိုင် ရှိနေသည့်တိုင် ထိုတရုတ်မကြီးက ရန်ကုန် တရုတ်တန်း လမ်းဘေးတွင် ပဲမုန့်နှင့် အချိုမုန့်များကို ယနေ့ထိတိုင် ရောင်းချနေဆဲဖြစ်သည်။
တရုတ်တို့သည် ငွေနှင့်ပတ်သက်လာပါက ညီအစ်ကို၊ မောင်နှမ၊ မိဘချင်းပင် ခြွင်းချက် မထားနိုင်သူများအဖြစ် တချို့က ပြောဖူးသည်။ တရုတ်တို့ အလေ့အထကို ပြစ်တင်ဝေဖန်သည့် သဘောဖြင့် ပြောသည့် ပုံစံမျိုး ဖြစ်ပါလိမ့်မည်။ ကျနော်ကိုယ်တိုင်ပင် အဆိုပါ အလေ့အထမျိုးနှင့် ကြုံဖူးသည်။
တခါသော ညချမ်းက အိမ်ပြန်ချိန်မှာ အတော့်ကို နောက်ကျခဲ့သည်။ အိတ်ကပ်ထဲတွင်လည်း ပိုက်ဆံ ၂၂၅၀ ကျပ် တိတိသာ ကျန်တော့သည်။ အချိန်က ည ၁၁ နာရီ ကျော်ကျော်ဖြစ်သောကြောင့် လိုင်းကားမရှိတော့ဘဲ ကြားကား (ရန်ကုန်အခေါ် အောက်ဆိုဒ်ကား) လောက်သာ ရှိတော့သည်။ တက္ကစီငှားလျှင် ကျပ် ၂၀၀၀ ကျိန်းသေပေးရမည်။ ထို့ကြောင့် ၂၂၅၀တွင် ၂၅၀ ကျပ်သာ ပိုတော့မည် ဖြစ်သည်။ တချိန်တည်းမှာပင် အိမ်ပြန်ရောက်ချိန်နှင့် နံနက် အိပ်ရာထစ အချိန်တွင် သောက်ရန် စီးကရက်တဘူး မဖြစ်မနေ ဝယ်ရဦးမည်။
သောက်နေကျ စီးကရက်က တဘူးကို ကျပ် ၃၀၀ ပေးရ၏။ ထို့ကြောင့် တက္ကစီသာ ငှားပါက စီးကရက်တဘူး ဝယ်ရန် ၅၀ ကျပ် လိုနေမည် ဖြစ်သည်။ မည်သို့ဆိုစေ ၅၀ ဖြင့် တက္ကစီငှားမည့်ကိစ္စကို မဖျက်ချင်သလို၊ စီးကရက် ဝယ်မည့် ကိစ္စကိုလည်း မဖျက်လိုပေ။ ထို့ကြောင့် ဝယ်နေကျ စီးကရက်ဆိုင်ကို ရောက်အောင်သွားသည်။ ဖောက်သည် ဖြစ်နေတော့ ဒီတကြိမ် ၅၀ တော့ လျှော့ပေးကောင်း လျှော့ပေးနိုင်မည်ဟု အတွေးဖြင့် သွားခြင်းလည်း ဖြစ်သည်။
စီးကရက်ဆိုင် ပိုင်ရှင်က တရုတ် အမျိုးသား ဖြစ်သည်။ သူက ကျနော့်ကို မြင်သည်နှင့် စီးကရက်တဘူးကို ထုတ်ပေးသည်။ ကျနော်က အကြွေ အခက်အခဲကို ဦးစွာ ရှေ့တန်းတင်သည့် အနေဖြင့် “ အကိုရေ အကြွေက ၂၅၀ ပဲပါတယ်။ ကျန်တာက ထောင်တန်ဖြစ်နေလို့” ဟုပြောလိုက်သည်။ အခြားသော ဆိုင်များဆိုလျှင် ၅၀ လောက်ဖြင့် အကြွေ အခက်အခဲ ဖြစ်နေလျှင် လျှော့ပေးလေ့ရှိသည်ကို တွေ့ကြုံဖူးသောကြောင့် ယင်းသို့ ပြောလိုက်ခြင်း ဖြစ်ပါသည်။ သို့သော် ကျနော် မှန်းသလို ဖြစ်မလာပါ။ “ရတယ်၊ ထောင်တန်ပဲပေး”ဟု သူကပြောသည်။ ကျန်သည့် ၅၀ မနက်ဖြန်မှ ပေးပါမည်ဟု ပြောသော်လည်း သူက မရပါဟု ပြုံးပြုံးရွှင်ရွှင်နှင့်ပင် တုံ့ပြန်ပါသည်။
ထိုညက ငွေ ၅၀ ပြဿနာကြောင့် ကျနော်သည် တက္ကစီ မငှားနိုင်တော့။ ၃၀၀ ကျပ်ပေးရသည့် ကြားကားကို စိတ်ရှည်ရှည် စီးကာ ပြန်လာရသည်။ အချိန်လည်း ၄၅ မိနစ်ကျော် ပိုပေးလိုက်ရသည်။ စီးကရက်များ မသောက်တတ်လျှင် ဘယ်လောက် ကောင်းလိုက်လေမလဲ ဟု တွေးမိသည်။ ထားပါတော့။
ကျနော် ပြောချင်သည်မှာ တရုတ်လူမျိုးများ ငွေကြေးနှင့် ပတ်သက်လာပါက မည်မျှ အတိုင်းအတာ အထိ စည်းစနစ် ရှိသည်ကို ကျနော် ကွက်ကွက် ကွင်းကွင်း မြင်ခဲ့ရပါသည်။ အဆိုပါ စီးကရက် ရောင်းသည့်ဆိုင်မှ ပုဂ္ဂိုလ်ကိုလည်း တရက်တာ ငွေ ၅၀ အကြွေး မပေးနိုင်သောကြောင့် စိတ်မဆိုးမိပါ။ နောက်နေ့တိုင်း သူ့ဆိုင်ကပင် ပုံမှန် ဝယ်ဖြစ်မြဲပင် ဖြစ်သည်။ သူငယ်ချင်း တဦးကတော့ “ငါသာဆို ၅၀ နဲ့ လျှော့ပေးလိုက်မယ်။ ရေရှည်ရမယ့် ဖောက်သည်မျက်နှာကို ကြည့်ရမယ်လေ” ဟု မှတ်ချက်ပြုသည်။ သူ၏မှတ်ချက်ကို ကျနော် ဘာမှ မပြောလိုပါ။ တရုတ်လူမျိုးများ ပိုက်ဆံ ရှာရာတွင် မြန်မာလူမျိုးများထက် တိကျ ပြတ်သားပုံကိုသာ တရေးရေး မြင်ယောင်မိနေပါသည်။
တရုတ်တို့သည် ယင်းသို့ ပိုက်ဆံကို တိတိကျကျ၊ ပြတ်ပြတ်သားသား ရှာသည့် အလေ့အထ ရှိရုံသာမက ငွေကြေး အခက်အခဲများ အပေါ် တုံ့ပြန်ရာတွင်လည်း လွန်စွာ ထူးချွန်သူများဟု ဆိုနိုင်သည်။ ယမန်နှစ် ၂၀၀၉ ခုနှစ် က ဖြစ်ပွားသော ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကိုလည်း တရုတ်တို့ ကောင်းစွာ တုံ့ပြန်ခဲ့ကြသည်။ တရုတ်မိတ်ဆွေ တချို့၏ အဆိုအရ ထိုစဉ်က တရုတ်နှစ်ကူးကို တတ်နိုင်သမျှ ငွေ နည်းနည်းပါးပါးမျှသာ သုံးပြီး ကူးခဲ့ကြသည်။ မကြာသေးခင်က တရုတ်ကွန်မြူနစ် အစိုးရက တရုတ်ပြည်သည် ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းမှ ဦးစွာ ရုန်းထွက်နိုင်ပြီ ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြောသည်။ မြန်မာတွေမှာတော့ သူတို့လို မဟုတ်။ ထိုနှစ်က သင်္ကြန်တွင် ပျော်မြဲ ပျော်ကြသည်။ ငွေကြေး မပြည့်စုံသည့်တိုင် ဘီယာသောက်ပြီး လမ်းမများပေါ် အော်နိုင်ခဲ့ကြသော မြန်မာများကို တွေ့ရသည်ဟု မိတ်ဆွေတဦးက ပြောသည်။ “မြန်မာတွေက ပိုက်ဆံ မရှိရင်တောင် ချေးငှားပြီး ရအောင် ပျော်ကြတာ” ဟုပင် သူက ဆိုခဲ့သည်။ ကျနော်တို့ မြန်မာတွေ ဤမျှလောက် အပျော်အပါး များလွန်းသလား။
သွားလေသူ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာလူမျိုးများအပေါ် ပေးခဲ့သော မှတ်ချက်များမှာ ခပ်ကြမ်းကြမ်းကြီး ဖြစ်နေသည်။ မြန်မာလူမျိုးများသည် လှေလှော်ပြိုင်ပွဲ ဝင်သည့်အခါ နိုင်ပြီဆိုတာ သိပါက ဆက်မလှော်ဘဲ တက်မကို မိုးပေါ် ထောင်ပစ်လေ့ ရှိခြင်းကို ဗိုလ်ချုပ်က ပြစ်တင် ကဲ့ရဲ့ဖူးသည်ဟု ကြားဖူးပါသည်။ ယုတ်စွအဆုံး ဗိုလ်ချုပ်က “ဒီပုံစံမျိုးနဲ့ဆို မြန်မာနိုင်ငံ ဟိုဟာနိုင်ငံ ဖြစ်လာလိမ့်မယ်” ဟုပင် ခပ်ကြမ်းကြမ်း သတိပေးခဲ့ဖူးသည်။ ဗိုလ်ချုပ် မမှားပါ။ ယနေ့ တရုတ်လူမျိုးများ ပိုင်ဆိုင်သော စားသောက်ဆိုင်၊ ကေတီဗီ၊ ကလပ်နှင့် အနှိပ်ခန်းတို့တွင် အလုပ် လုပ်နေသူများကို ကြည့်ပါက မြန်မာ မိန်းကလေးများပင် အများဆုံးဖြစ်သည်။ ဤသို့ဖြစ်နေခြင်းကြောင့် တရုတ်လူမျိုးများကို အပြစ် တင်မည်လော။ အပြစ် တင်မိပါကလည်း ကိုယ့်မျက်ချေး ကိုယ်မမြင်သည့် ပြစ်တင်မှုမျိုးသာ ဖြစ်ပါလိမ့်မည်။ အဓိပ္ပာယ်လည်း ရှိမည် မဟုတ်ပါ။
ကျနော်ရိုးရိုးလေးသာပြောချင်ပါသည်။ မြန်မာတွေ ထကြွလုံ့လစိုက်ရေးအတွက် တိုက်တွန်းချင်ခြင်းသာ ဖြစ်သည်။ အဆိုပါ အရေး ကိစ္စတို့ကို အတိုက်အခံ နိုင်ငံရေးသမားများအား ပြောမိပါက စစ်အစိုးရကို အပြစ်တင်မည်။ စစ်အစိုးရ လိုလားသူများကို ပြောပါက အမေရိကန် စီးပွားရေး ပိတ်ဆို့မှုကြောင့်ဟု မေးငေါ့ကြလိမ့်မည်။ ကျနော့်အမြင် ပြောရပါမူ အဆိုပါ ကိစ္စများမှာ ကိုယ်တိုင်နှင့် သက်ဆိုင်ပါသည်။
တရုတ်လူမျိုးများ နှစ်သစ်ကူးတွင် ကိုယ်ပိုင်ကား ကိုယ်စီနှင့် ဘုံကျောင်း လာနိုင်သည်မှာ သူတို့ ဝါယမ စိုက်ထားသလောက် သူတို့တတွေ အကျိုး ခံစားနေရခြင်းသာ ဖြစ်ပါသည်။ မြန်မာတွေ မပျင်းမရိ၊ အပါးမခို၊ ကြိုးစားကြပါက တနေ့နေ့ တချိန်ချိန်တွင် မြန်မာဟု ရင်ကော့နိုင်မည် ဖြစ်သည်။

1 comment:
ဖတ်သွားပါတယ်ဗျာ။
ကျနော့်အမြင်အရ အဲဒီနေ့မှာ တရုတ်တွေ ဘတ်စ်ကားမစီးတာ တခြားအကြောင်းလည်း ရှိပါလိမ့်မယ်၊ နှစ်ကူးမှာ တရုတ်လူမျိုးတွေ အန်ပေါင်းပေးတဲ့ အလေ့အထ ရှိကြတော့ ပိုက်ဆံအနည်းနဲ့အများ ရှိနေတတ်ကြတယ်၊ ဒါကြောင့် ကိုယ်ပိုင်ကား မရှိရင်တောင် တက္ကစီနဲ့ပဲဖြစ်ဖြစ် သွားလို့ရတယ်လေ။ နောက်ပြီး နှစ်ကူးမှာ ပင်ပန်းဒုက္ခခံရရင် တနှစ်ပတ်လုံး ပင်ပန်းဒုက္ခခံရတတ်တယ် လို့လည်း အယူရှိတာကိုး၊ ဒါကြောင့် တိုးကျိတ် စီးရတဲ့ ဘတ်စ်ကားကို ရှောင်တာ ဖြစ်မှာပါ။ နိုင်ငံကြီးတွေမှာလို သန့်သန့်ရှင်းရှင်း တောက်တောက်ပြောင်ပြောင် အဲယားကွန်း ဘတ်စ်ကြီးတွေနဲ့ ချောင်ချောင်ချိချိ စီးလို့ရရင် တရုတ်လူမျိုးတွေက ရှေ့ဆုံးက စီးမယ်ထင်တာပဲ၊ ဆီဖိုးထက်တောင် သက်သာတယ်လေ။ :)
Post a Comment